ပျဉ်းမနား နိုဝင်ဘာ ၂၀
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အမှတ် ၁၂ အခြေခံပညာအထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ရွာတော်)သို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများအဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသစာအုပ်မျိုးစုံ (၂၂၀၀) ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာစာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာပေအလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
မျိုးသီဟ