တပ်ကုန်း နိုဝင်ဘာ ၂ဝ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခံခဲ့ရသည့် မိုးစပါးစိုက်ဧရိယာများအတွင်း ဆောင်းသီးနှံများအဖြစ် ပြန်လည်စိုက်ပျိုးနိုင်ရေး မတ်ပဲမျိုးနှင့်မြေပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အနော်ရထာရပ်ကွက်၊ ယင်းမာပင်ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင်ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ အလှူရှင်များနှင့်အတူ တက်ရောက်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပွဲတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ်အတွင်း သဘာဝဘေးကြုံတွေ့ချိန်တွင် ဆရာတော်ဘုရားများအပါဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများနှင့်အတူ ရေဘေးသင့်ပြည်သူများကို ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းနှင့် အထက်တန်းကျောင်း ၃ ကျောင်းတို့တွင် ကူညီကယ်ဆယ်ရေးစခန်း ဖွင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လူသေဆုံးနှင့် အိမ်မျောပါ၊ အိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှုများကိုလည်း ကော်မတီဖွဲ့စည်းပြီး အဆင့်ဆင့်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့ရဲ့ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီး မကျင်းပဖြစ်သော်လည်း မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ စိတ်ဓာတ်ခွန်အားဖြစ်စေရေးအတွက် တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကြီးအဖြစ် မီးပုံပျံလွှတ်ပွဲ၊ နွားလှည့်ယာဉ်ကျော့ပြိုင်ပွဲ၊ ဇာတ်ပွဲ၊ နိုင်ငံကျော် အဆိုတော် စတိတ်ရှိုးလှည့်ကားများဖြင့် စည်ကားစွာကျင်းပပေးခဲ့ပြီး၊ ရေဘေးသင့်ခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းကိုလည်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း၊ ရေဘေးသင့်ခံခဲ့ရသည့် လယ်ယာမြေများကိုလည်း သက်ဆိုင်ရာဌာနများမှ ပြန်လည် စိုက်ပျိုးနိုင်မည့်မြေများအား အခမဲ့ပြန်လည်ထွန်ယက်ပေးခြင်း၊ မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းညွှန့်က မတ်ပဲမျိုးနှင့်မြေပဲမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ နေပြည်တော်ကောင်စီဝင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်တို့က မတ်ပဲစိုက်တောင်သူ ၁၃၂ ဦး၊ စိုက်ဧက ၅၁၂နှင့် မြေပဲ စိုက်တောင်သူ ၁၈ ဦး၊ စိုက်ဧက ၅၃ အတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးနိုင်က ရေဘေးသင့်ခံခဲ့ရသည့် လယ်ယာမြေများ ဆောင်းသီးနှံများပြန်လည်စိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် နေပြည်တော် ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ရေဘေးသင့်ခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများအား ချေးငွေများထုတ်ချေးပေးမည့် အစီအစဉ်များ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ် MSME အသင်းဥက္ကဋ္ဌ ဦးမောင်မောင်နုနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ရေဘေးသင့်ခံခဲ့ရသည့် “ကျော်ပြည့်စုံ” ဆီစက်လုပ်ငန်းပြန်လည်လုပ်ကိုင်နေမှုအား ကြည့်ရှုအားပေး၍ လိုအပ်သည်များ ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်