ပင်းတယမြို့အတွင်းရှိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပင်းတယ  နိုဝင်ဘာ  ၂၅

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမဖြစ်ပွား စေရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့အတွင်းရှိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် တာဝန်ရှိသူများတို့က ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် ဝန်ထမ်းများတို့က လက်ရှိဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များကို ယခုလက်ရှိတွင် ပါဆယ်စနစ်သာခွင့်ပြုပေးထားသဖြင့် အဆိုပါ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ဗဟိုကော်မတီမှ  သတ်မှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလာပါက အဆင်သင့်ဖြစ်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်နှင့် လက်သန့်စင်ဆေးဗူးများထားရှိခြင်း ရှိ/မရှိ၊ စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး အကွာအဝေးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)