ဥတ္တရသီရိ နိုဝင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ လာမည့်တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ရောက်ရှိမည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အား မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး စိတ်ဓာတ်များစတင်ခဲ့ရာ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ၏ အသိစိတ်ထဲတွင် အမြဲထာဝရကိန်းအောင်း ရှင်သန်နေစေရန်၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ မိမိတို့၏ စိတ်ခံစားမှု၊ စိတ်အတွေးအမြင်များဖြင့် မိမိတို့စိတ်ကြိုက် ပုံဖော်ဖန်တီး ရေသားနိုင်စေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကဏ္ဍပေါင်းစုံ၌ ထူးချွန်ထက်မြက်တဲ့လူရည်ချွန်များ ဖြစ်လာကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများနှင့် ပြပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် ဘောလ်ပင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော သုတရသ စာအုပ်စာစောင်များနှင့် ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)