နမ့်စန်တွင်  ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

နမ့်စန်() နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလားအခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို နိုဝင်ဘာလ ၅ ရက်မှ စတင်၍ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီချိန်တွင် ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် အ.ထ.က(နမ့်စန်)(က) ဘောလုံးအသင်းနှင့် အ.ထ.က-ခွဲ(၅ရပ်ကွက်)(ဂ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က(နမ့်စန်) အသင်း က ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ဆက်လက်၍  ကွာတားဖိုင်နယ်ပွဲစဉ် ဒုတိယပွဲအဖြစ် အ.ထ.က(ခိုလန်)အသင်းနှင့် အ.ထ.က -ခွဲ(လွယ်ယင်း) အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အ.ထ.က(ခိုလန်)အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ အမျိုးသားပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်)ပွဲစဉ်များကို နိုဝင်ဘာလ၂၂ ရက်နေ့ ညနေပိုင်းတွင် မြို့နယ်ကျောက်တိုင်အားကစားကွင်း၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

သူရအောင်(နမ့်စန်)