တာချီလိတ် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ ကျက်သရေဂုဏ်ဆောင် ဆုတောင်းပြည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စိန်ဖူးတော်ကပ်လှူပူဇော်နိုင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ကျိုင်းတုံမြို့ သီလဓမ္မ ကုန်းသာတောရကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇုာယ်သောမေတ္တသုတ်ကို နာယူကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စိန်ဖူးတော်ကပ်လှူပူဇော်နိုင်ရေးအတွက် တာချီလိတ်မြို့ မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က ကျပ်သိန်းတစ်ထောင်၊ မီးလင်းရေးကော်မတီရုံးခွဲက ကျပ်သိန်းတစ်ထောင်၊ အဘကိုးမြို့ရှင်(ပင်မ)ဗိမာန်တော်က ကျပ်သိန်းငါးရာနှင့် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးထွန်းအေးမိသားစုက ဘတ်ငွေငါးသောင်းတို့ကိုပေးအပ်လှူဒါန်းရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်က လက်ခံရယူပြီး ဆရာတော်ဘဒ္ဒန္တကောဝိဒက စိန်ဖူးတော်အလှူရှင်များနှင့် အရံစေတီ(၂၄)ဆူ ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ကျပ်သိန်း ၄,၈၀၀ လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဆရာတော်ဘဒ္ဒန္တကောဝိဒထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)