မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၅)နှစ်မြောက် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားတက်ရောက်

မော်လမြိုင် နိုဝင်ဘာ ၂၀

၂၀၂၄ ခုနှစ် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလေးသူငယ်များနှင့်မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ အမှတ်()မူကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက မင်္ဂလာပါ” သီချင်းဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက နှစ်စဉ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးများ၏အနာဂတ် ပိုမိုတောက်ပစေနိုင်ရေး၊ ကလေးများကိုကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏ အခွင့်အရေးပိုမိုရရှိနိုင်စေရေး၊ ကလေးများရင်ဆိုင်ကြုံတွေ့ရတတ်သည့်အခက်အခဲများ အတူတကွဖြေရှင်းပေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ မွန်ပြည်နယ်အနေဖြင့်လည်း ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်အခွင့်ရေးများကို ကလေးသူငယ်တိုင်းက အပြည့်အဝခံစားခွင့်ရအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များအပါအဝင် ကလေးသူငယ်များ၏အရေးကိစ္စကိုဆောင်ရွက်နေကြသည့် ဌာနတိုင်း၊ အဖွဲ့အစည်းတိုင်းက လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကလေးသူငယ်များဟာ နောင်တစ်ချိန်မှာတိုင်းပြည်နဲ့လူမျိုးအတွက် အားကိုးအားထားပြုရသော နိုင်ငံ့သားကောင်းရတနာများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip ကို ပြသခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများ၏ ပြည်ထောင်စုအင်အား၊ “လောကအားမာန်”နှင့် မိုးလင်းမှသိမယ်” သီချင်းတို့ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကမူကြို၊ ကလေးပြုစုရေးဌာနမူကြိုကျောင်းမှ သားငယ်သမီးငယ်လေးများ၏ တေးသရုပ်ဖော်အကအလှတို့ဖြင့်လည်းကောင်း၊ မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများက “လောကကြီးရဲ့မောင်းနှင်အား” သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး သားငယ်၊ သမီးငယ်လေးများအား အမှတ်တရလက်ဆောင်များပေးအပ်ကာ သားငယ်သမီးငယ်လေးများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)