မင်္ဂလာဒုံမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်​ပြပွဲပြုလုပ်

မင်္ဂလာဒုံ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းလျက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲကို အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဦးသက်ထွန်းစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီနည်းပညာအကြံပေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူငယ်ရေးရာကိုယ်စားလှယ် ဦးဌေးလင်းက လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများဟောပြောခြင်း၊ အားကစားသမားဟောင်းများအဖွဲ့ ပြေးခုန်ပစ်ကစားသမား ဆရာမဒေါ်ဝင်းဝင်းက ပြေးခုန်ပစ်အားကစားနည်းအကြောင်း သိကောင်းစရာများ ဟောပြော‌ပေးခြင်း၊ မင်္ဂလာဒုံမြို့နယ်အားကစားမှူးဒေါ်ခိုင်ဇာဝေက အားကစားအ‌ကြောင်း သိကောင်းစရာများဟောပြောပေးခြင်းနှင့် မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးလင်းက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် မြန်မာ့သိုင်းနှင့် Fitness Dance အဖွဲ့များမှ သရုပ်ပြသ‌ခဲ့ကြပြီး သရုပ်ပြအဖွဲ့များအား မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလင်းတို့မှ ဂုဏ်ပြုဆု‌ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အားကစားမှူး‌ဒေါ်ခိုင်ဇာဝေက အ.လ.က(၃)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ နည်းပညာအကြံပေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူငယ်ရေးရာကိုယ်စားလှယ် ဦးဌေးလင်း၊ ခရိုင်အား/ကာမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အ.လ.က(၃) အခြေခံပညာအလယ်တန်းကျောင်း‌မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန် /ဆက်)