ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “သောကဖြေဆေး ရွှေအတွေး” စာအုပ်စာဖတ်ဝိုင်း ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင်၊ စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် “သောကဖြေဆေး ရွှေအတွေး” စာအုပ် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ကျောင်းသူများအတွက် စာပေဖတ်ရှု့လေ့လာရာတွင်ရရှိမည့်အကျိုးကျေးဇူးများ၊ ဗလငါးတန်ပြည့်စုံရေး သုတ/ရသ စာအုပ်စာစောင်းများ ရှာဖွေဖတ်ရှုစေလိုကြောင်းနှင့် စိတ်ထဲတွင်သောကများ မွေးမထားသင့်ကြောင်း၊ သောကသည် မွေးထားလေ ကြီးထွားလေဖြစ်ပြီး နည်းလမ်းမှားများ စဉ်းစားမိပါက အတွေးအမှားများလုပ်မိသောကြောင့် အန္တရာယ်ကြီးကြောင်းနှင့်  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း(မောင်ခိုင်ကျော်-ကျောက်ဆည်)က ကောင်းပြည့်သော် ရေးသားသည့် “သောကဖြေဆေးရွှေအတွေး” စာအုပ်တွင်ပါရှိသော သတိနဲ့အစားထိုးပါ၊ ပိုမိုကောင်းမွန်အောင်တည်ဆောက်ပါ၊ ညီညွတ်မျှတစိတ်က ရတနာ၊ ကြိုတင်ပြင်ဆင်လေ့ကျင့်ပါ၊ ကိုယ်တိုင်ရွေးချယ်ခွင့်၊ ကူညီတာကကိုယ့်အလုပ်၊ အကောင်းကို မြင်ပါစေစသည့် အကြောင်းအရာများဆွေးနွေးခဲ့ကြောင်းပြီး ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)