ဒလ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း အသိပညာဗဟုသုတများ ဆွေးနွေးတတ်စေရန်၊ အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၀၉း၃၀)နာရီအချိန်က အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုင်းအောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးမှ မုဒိတာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး (Grade-11)မှ မထက်နေခြည်ဝင်းက လူငယ်နှင့်အနာဂတ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Grade-11)မှမောင်ကျော်စွာလင်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Grade-11)မှ မနွေးနွေးဇော်ဝင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Grade-11)မှ မောင်မင်းခန့်ကျော်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Grade-11)မှ မောင်အောင်မြတ်ကျော်က လူငယ်နှင့်အာဃာတခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးခဲ့သူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ကျောင်းပေါင်းစုံ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့မှ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် အ.ထ.က(ခွဲ) အ.လ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းပေါင်းစုံလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်းအင်အား(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အေးမြမိုး( ပြန်/ဆက် )