ချမ်းမြသာစည် နိုဝင်ဘာ ၂၀
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များနှင့် ကလေးများအနေဖြင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရနေစေရန် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၂၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲတွင် (၁၅)ဦး၊ ပုံပြောပြိုင်ပွဲတွင် (၂၀)ဦး၊ စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းပြိုင်ပွဲတွင် (၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသော ကျောင်းသား/သူများအား ဒု-ဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် တာဝန်ခံကြီးကြပ်ဆရာမများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် စသည့်ရည်ရွယ်ချက်များ ဖြင့်သင်တန်းများ၊ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့