သင်္ဃန်းကျွန်း နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့် အလယ်တန်းပြဆရာမ ဒေါ်လှဆန်းညိုတို့က (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးတို့၏ အမည်နှင့် ပညာအရည်အချင်းများ၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသေးစိတ် အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး အလယ်တန်းပြ (ဒုတာဝန်ခံ) ဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သူရိန် (ပြန်/ဆက်)