ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂၀
ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားလာစေရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို နှစ်စဉ်ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ထန်းတပင်မြို့နယ်အနေဖြင့် ငါးနှင့်ပုစွန်မွေးမြူရေးကန်ဧရိယာ(၁၈၅၃၀.၃၈)ဧကထိရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ငါး၊ ပုစွန်များမွေးမြူရာတွင်လည်း ထန်းတပင်မြို့နယ်အတွင်း ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းရှင်အနေဖြင့် (၂၇၀)ဦးထိရှိပြီး ငါးကန်ဧရိယာ (၁၇၆၃၂.၆၀)ဧကနှင့် ပုစွန်မွေးမြူရေး လုပ်ငန်းရှင်အနေဖြင့် (၄၈)ဦးပုစွန်ကန်ဧရိယာအနေဖြင့်လည်း (၈၉၇.၇၈)ဧကထိရှိကြောင်း သိရသည်။
ငါးများကိုမွေးမြူရာတွင်လည်း ငါးမြစ်ချင်းငါးမျိုးများကိုသာ အဓိကထားထည့်သွင်း မွေးမြူလျက်ရှိကာ ငါးဒန်၊ ငါးကြင်းနှင့်ငါးခေါင်းပွ ငါးမျိုးများကို အနည်းငယ်သာထည့်သွင်းမွေးမြူလျက်ရှိသလို နှစ်စဉ် မတ်၊ ဇွန်၊ ဇူလိုင်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့်ဒီဇင်ဘာလပိုင်းအတွင်းသာ ငါးကန်များတွင် ငါးမျိုးများကိုထည့်သွင်း မွေးမြူလျက်ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် ငါးကန်ဖော်ခြင်းလုပ်ငန်းများကို ဆောက်ရွက်လျက်ရှိသည်။ ကန်ဖော်ရာတွင်လည်း ငါးမြစ်ချင်းတစ်ကောင်လျှင် ခုနှစ်ဆယ်ကျပ်သားခန့်၊ ငါးကြင်းတစ်ကောင်လျှင်ငါးဆယ်ကျပ်သားခန့်၊ ငါးဒန်တစ်ကောင်လျှင် ခုနှစ်ဆယ်ကျပ်သားခန့်နှင့် ငါးခေါင်းပွတစ်ကောင်လျှင် ငါးဆယ်ကျပ်သားခန့်အရွယ်ထိ ရှိကြောင်းလည်းသိရသည်။
ပုစွန်မွေးမြူရာတွင်လည်း ရေချိုပုစွန်ကိုသာ အဓိကထား၍ အသားတိုးမွေးမြူလျက်ရှိသလို နှစ်စဉ် မိုးဦးကာလအတွင်းတွင် ပုစွန်မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး တစ်နှစ်လျှင် နှစ်ကြိမ်ကန်ဖော်သည့် လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ ကန်ဖော်ရာတွင်လည်း တစ်ကောင်လျှင် နှစ်ကျပ်ခွဲသားခန့်ထိရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)