စဉ့်ကိုင် နိုဝင်ဘာ ၁၉
စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက် ဧရိယာများတွင် စပါးကို အဓိကစိုက်ပျိုးသော မြို့နယ်တစ်မြို့နယ်ဖြစ်သည်။ နှစ်စဉ် မိုးစပါးလျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်သော ဒေသတစ်ခုဖြစ်ရာ ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါး (၂၉၁၅၆)ဧက လျာထားဆောင်ရွက်မှု အပေါ် (၂၉၆၂၅)ဧက စိုက်ပျိုးနိုင်ပြီး လျာထားချက်ထက်(၄၆၉)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ ဒေသဝမ်းစာဖူလုံ၍ ပြည်ပတင်ပို့နိုင်ရေးစပါးပန်းတိုင်အထွက် တင်း(၁၀၀)ကျော် ထွက်ရှိရေးဦးတည်ဆောင်ရွက်လျက်ရှိသည်။ စပါးတစ်ဧက တင်း(၁၀၀)ကျော် ထွက်ရှိကြောင်း လက်တွေ့ပြသနိုင်ရန် နိုဝင်ဘာလ (၁၈) ရက်၊ နံနက် ၉ နာရီအချိန်၌ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စု၊ ဆောက်အင်းကျေးရွာ တောင်သူဦးကျော်နိုင်ဦး၏ ကွင်းအမှတ်(၃၅-ခ)၊ ဦးပိုင်အမှတ် (၁၂၃/၁)၊ မျိုးအမည် (ဆင်းသုခ) ပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကွက် (၅)ဧက စိုက်ခင်းတွင် အထွက်နှုန်းမှတ်တမ်းတင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန် ကစပါး ပန်းတိုင် အထွက်နှုန်းတင်း(၁၀၀)ကျော်ထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့်တောင်သူ လယ်သမားဘဝတိုးတက်ပြောင်းလဲလာ၍ အကျိုးအမြတ်ပိုမိုရရှိစေရေးနှင့်ပတ်သက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်က မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အထွက်နှုန်းမှတ်တမ်းတင် စံကွက်ရိတ်သိမ်းရခြင်း ရည်ရွယ်ချက်များကို တက်ရောက်လာသောတောင်သူများအား ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အထွက်နှုန်း မှတ်တမ်းတင် စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦစီးမှူး ဦးဝင်းထိန်၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူဦးကျော်နိုင်ဦး၏ တစ်ဧကပန်းတိုင်အထွက်နှုန်းမှာဆင်းသုခ စပါးမျိုး (၀.၁၀)ဧက စံကွက်အစိုထွက်(၁၂၃.၇၅)တင်းနှင့် အခြောက်ထွက်(၁၁၃.၇၅)တင်းထွက်ရှိကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)