ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချနိုင်ရေး သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် KM Terminal Logistics Co., Ltd၏ မြစ်ငယ်ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းလုပ်ငန်း၌ "တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေး သိကောင်းစရာများ " ခေါင်းစဉ်ဖြင့် ဝန်ထမ်း (၄၀) ဦးအား အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး ပိုစတာများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချနိုင်ရေးနှင့် ပတ်သက်၍ ဟောပြောရာတွင် တောမီးနှင့်အခြားအကြောင်းအရင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းမှုတို့မှ ထွက်ပေါ်လာသည့် အခိုးအငွေ့များ၊ အမှုန်အမွှားများနှင့် ရေခိုးရေငွေ့များ လေထုထဲတွင် ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် မီးခိုးမြူများသည် တစ်နေရာမှ တစ်နေရာ၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလွယ်တကူ ရွေ့လျားပျံ့နှံ့ရာမှ ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးကိုသာမက သက်ရှိသက်မဲ့သယံဇာတ အရင်းအမြစ်များနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဆိုးရွားစွာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသဖြင့် သက်ဆိုင်ရာ ဌာနများ၊ စက်ရုံ၊အလုပ်ရုံ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူလူထုများ ပူးပေါင်း၍ လျှော့ချရေး အစီအစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟောပြောပို့ချခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း