ကျောက်ဆည် နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်နောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီက ဘက်စုံဖွံ့ဖြိုးရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် တောင်နောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးကံမိုးဟိန်းက ကျောင်းသား/ကျောင်းသူများ ကြီးပြင်းလာသည့်အခါ ဘက်စုံထူးချွန်ရေး ယခုလိုငယ်ရွယ်စဉ်အချိန်ကပင် ပြင်ပဗဟုသုတများ ရရှိရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ လိမ္မာယဉ်ကျေးစွာဖြင့် နားထောင်၍ စွဲမြဲစွာမှတ်သားထားပြီး ကြီးပြင်သည်အထိ ကျင့်ကြံဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာရေးသည့် အရေးကြီးသည့်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်ကျင်သန့်ရှင်းရေး၊ ကျောင်းနေပျော်၍ စာတော်သည့် ကျောင်းသား/ကျောင်းသူများဖြစ်အောင် ကစားချိန်ကစား၊ စားချိန်စားပြီး အားလပ်ချိန်များတွင် ကျောင်းစာအပြင် ဗဟုသုတများ ရရှိမည့် စာအုပ်စာပေများ ရှာဖွေဖတ်ရှုသွားကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊စာစောင်များနှင့် အရွယ်မရောက်သေးသည့် ကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ မုန်တိုင်းဘေးအန္တရာယ်အကြောင်း နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)