တံတားဦး နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သမဝါယအသင်းစုမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက် အင်းဝခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် တံတားဦးမြို့နယ်သမဝါယအသင်းစုဥက္ကဋ္ဌ ဦးဌေးဦးက အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းက အမှာစကားပြောကြားရာတွင် သမဝါယမအသင်း၏လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုကြိုးစားလုပ်ဆောင်ပေးစေလိုကြောင်း၊ ဒါ့အပြင်စိုက်ပျိုးရာသီတွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် မျိုး၊ မြေ၊ ရေနည်းစနစ်အတိုင်း အလေးထားစိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ဝင်ငွေတိုးပွားရေးအတွက် ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်း၊ စက်ချုပ်သင်တန်း အစရှိသော သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်အဖွဲ့ဝင် ဦးဝင်းမြင့်မောင်က သမဝါယမအသင်းစုချုပ်၏ လုပ်ငန်းစဉ်များကို၎င်း၊ တံတားဦးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်က သမဝါယမလုပ်ငန်းများအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးအကြောင်းကို လည်းကောင်းအသီးသီးဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တံတားဦးမြို့နယ်သမဝါယမအသင်းစု၏ လုပ်ငန်းအစီရင်ခံစာများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ လုပ်ငန်းဆောင်ရွက်မှုဘတ်ဂျတ်နှင့် အမြတ်ခွဲဝေစာရင်းများကို၎င်း၊ မြို့နယ်အသင်းစု၏ အသင်းသားစာရင်းစစ်၏ စာရင်းစစ်ဆေးချက်အကြောင်းကို၎င်း၊ မြို့နယ်အသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆုံးဖြတ်ချက်များကို တာဝန်ရှိသူများက အသီးသီးဖတ်ကြားကြပြီး တက်ရောက်လာကြသည့် အသင်းဝင်ကိုယ်စားတော်ကြီးများထံမှ အတည်ပြုချက်ရယူပြီး ကိုယ်စားလှယ်တော်ကြီးများ၏ ဆွေးနွေးမေးမြန်းမှုများကို သဘာပတိနှင့်တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)