ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ပေါင် နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကော့ထော်ကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်မြေနေရာ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်လင်းဦးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ထို့နောက် ကျေးရွာအစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးက စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်မည့် စာကြည့်တိုက်ကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်နိုင်ရေး၊ အများပြည်သူ စိတ်ချမ်းမြေ့စွာစာပေဖတ်ရှုနိုင်ရေး၊ သတ်မှတ်ထားသည့် ငွေကြေးအတိုင်းအတာထက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးတို့အတွက် ဒေသခံနှင့်ပြင်ပမှစေတနာရှင် အလှူရှင်များ၏ လုပ်အား၊ ငွေအား လှူဒါန်းမှုတို့ရရှိခြင်းအားဖြင့် အဆောက်အအုံအပြင် စာကြည့်တိုက်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ပြည့်စုံ၍ ဒေသခံပြည်သူများအား အကျိုးပြုနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။

အဆိုပါစာကြည့်တိုက်အဆောက်အအုံကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ လှူဒါန်းရရှိငွေကျပ် သိန်း ၁၅၀ နှင့်ဒေသခံ ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေတို့ဖြင့် အလျား ပေ ၂၀၊ အနံ ၁၉ ပေ ရှိ RC တစ်ထပ်အဆောက်အအုံနှင့်စာကြည့်တိုက်သုံး ပရိဘောဂနှင့်စာအုပ်စာစောင်များဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)