မြစ်သားမြို့နယ် ကူမဲမြို့ ရန်ကုန်- မန္တလေးလမ်းတစ်လျှောက်ရှိ ကျူးကျော်ဈေးသည်များအား (Mobile System) ဖြင့်ရောင်းချသွားရန် တွေ့ဆုံပွဲကျင်းပ

မြစ်သား နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ ရန်ကုန်-မန္တလေးလမ်းတစ်လျှောက်ရှိကျူး‌ကျော်ဈေးသည်များအား (Mobile System) ယာယီတည်ခင်းရွှေ့လျား ရောင်းချသည့်စနစ်ဖြင့်သာ ရောင်းချသွားရန်အတွက်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကူမဲမြို့ ရွှေဘုံသာကျောင်းရှိ ကေသီဦးဗိမာန်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွေ့ဆုံပွဲတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းက အဖွင့်အမှာစကား‌ပြောကြားပြီး မြစ်သားမြို့နယ်ရဲတပ်ဖွဲမှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ရန်ကုန်-မန္တလေးလမ်းတစ်လျှောက်ရှိ ကျူးကျော်ဈေးသည်များသည်လမ်းနယ်နိမိတ်အတွင်းရှိ အခိုင်အမာဈေးသည်များနှင့် အမြင်မတင့်တယ် သောဈေးဆိုင်များကိုဖျက်သိမ်းပြီး ( Mobile System) ယာယီတည်ခင်းရွှေ့လျား ရောင်းချသည့်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကူမဲမြို့ အမှတ်(၄) ရပ်ကွက်၊ မြစ်သားမြို့နယ် ကဆွန်ကျေးရွာအုပ်စုနှင့် မိုင်းမောကျေးရွာ အုပ်စုတို့၌ ခွင့်ပြုချက်မရှိဘဲလယ်ယာမြေများပေါ်တွင် ကျူးကျော်၍ခြံစည်းရိုး ခတ်ထားသူများအား ဖျက်သိမ်းပေးရန် တွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်း  မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးစိုးအောင်နှင့်တာဝန်ရှိသူများ၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှုး ဦးနိုင်ဇော်၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျူးကျော်ဈေးသည်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)၏