တာမွေ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးတို့၏ အမည်နှင့် ပညာအရည်အချင်းများ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ပတ်သက်၍ ကျောင်းသား/သူလေးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများမှ ခန်းမအတွင်း ပြသထားသော(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ရှေးဟောင်းသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ဂုဏ်ပြုကဗျာများနှင့် ဆောင်ပုဒ်များပါဝင်သော နံရံကပ်စာစောင်များ၊ လူငယ်ရေးရာဆိုင်ရာ အသိပညာပေး သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)