မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့်
ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကိုလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားပြီး မော်လမြိုင်မြို့နယ်စာရေးဆရာက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 နှင့် Grade-11 ကျောင်းသား‌ကျောင်းသူ ခြောက်ဦးတို့က လူငယ်နှင့်လူမှုမီဒီယာ လူငယ်နှင့်စာအုပ်စာပေ၊ လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ကျန်းမာကြံခိုင်ရေး စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)