မောက်မယ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မောက်မယ် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား/ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပန်းဘဲ စာအုပ်စာစောင်များ အဆင်ပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲက စဉ့်ဝင်ကျေးရွာအုပ်စု၊ အ.မ.က(တင်ကုန်း)သို့ တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များယူဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက “တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ လူငယ်များအနေဖြင့် ဘဝတိုးတက်ရေးလမ်းကြောင်း မမှားစေရန် လိုအပ်သောကြောင့် စာပေလေ့လာမှုအားကောင်းလာစေရေး၊ ဆုံးဖြတ်ချက်ချရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန် စာပေမှတဆင့်လေ့လာနိုင်ရေး၊ မိမိတို့ကိုယ်တိုင် ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်စေရန်အတွက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချပြီး ယဉ်ကျေးလိမ္မာသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရေး” စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ် စာစောင်များကိုပါ လေ့လာဖတ်ရှုကြရန် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့ပြီး စာဖတ်ထူးချွန်သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်များအား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်တို့က လှည့်လည်ရှင်းလင်းပြသပြီး ကျောင်းသား/ ကျောင်းသူများ ကစိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်