ဒေါပုံမြို့နယ်တွင် Mobile Training Bus ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

ဒေါပုံ နိုဝင်ဘာ ၂၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ယနေ့နေ့လယ် (၁:၀၀)နာရီမှမွန်းလွဲ(၃:၁၅)နာရီအထိ မင်းနန္ဒာလမ်း၊ ဒေါပုံကော်ဇောဝန်းရှိ G&G Co.,Ltd နှင့် JDS Co.,Ltd များသို့ Mobile Training Bus ဖြင့် သွားရောက်ကာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများနှင့် အလုပ်သမားဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ဆွေးနွေးခဲ့သည်။

ထိုသို့ Mobile Training Bus ဖြင့် အသိပညာပေး ဆွေးနွေးပွဲ၌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင်ရုံးမှ ဦးစီးအရာရှိ၊ ဒေါ်ခိုင်ဆုဆုကျော် (အလုပ်ရုံစစ်ဆေးရေး)က ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပါ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာပြဌာန်းချက်များခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ၊ ဒေါ်ဝင်းရတနာဦး(အလုပ်သမားဥပဒေ စစ်ဆေးရေး)က ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် အက်ဥပဒေ၊ နည်းဥပဒေပါ အလုပ်သမားများရပိုင်ခွင့်များ၊၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအားလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒေါပုံကော်ဇောဝန်းရှိ G&G Co.,Ltd (သိုလှောင်ရုံ) မှ အလုပ်သမား(၂၃)ဦးနှင့် JDS Co., Ltd (ဆေးဝါးသိုလှောင်ဖြန့်ဖြူးရေးအလုပ်ရုံ)မှ အလုပ်သမား(၂၅)ဦးတို့က Mobile Training Bus ပေါ်တွင် လိုက်ပါ၍ နားထောင်ခဲ့ကြပြီး အလုပ်ရုံနှင့် အလုပ်သမားဆိုင်ရာများထဲမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)