နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၀

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကလေးသူငယ်များနှင့် မိဘများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဗဟိုချက်ဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများအား ကလေးတိုင်းရရှိနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ ကလေးများနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍအလိုက် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ ကလေးသူငယ် အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ နေပြည်တော်အတွင်း ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (Early Childhood Care and Development) မှ ကလေးပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ် ကလေးသူငယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မူကြိုဆရာမသင်တန်းများကို အခြေခံ/အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ရင်သွေးငယ်လေးများကို စနစ်တကျ နည်းမှန်လမ်းမှန်နှင့် ပြုစုပျိုးထောင်ပေးရေး၊ ကလေးငယ်တိုင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိဘ၊ ဆရာမများနှင့် ကလေးပြုစုစောင့်ရှောက်သူများ အားလုံးအနေဖြင့် ကလေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ဗဟုသုတ အသိပညာများ ပြည့်စုံနေရန် လိုအပ်ပါကြောင်း၊ ကလေးများကို နည်းမှန်လမ်းမှန် စနစ်တကျ ပြုစုစောင့်ရှောက်မှုပေးခြင်းဖြင့် ကလေးတိုင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေပြီး အရည် အသွေးမြင့်မားလာစေကာ အနာဂတ်အတွက် ကောင်းမွန်သည့် အခြေခံအုတ်မြစ်များ ဖြစ်လာမှာ ဖြစ်ပါကြောင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော်ကလေးပြုစုရေးဌာနနှင့် မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်းရှိ နေပြည်တော် ကလေးပြုစုရေးဌာနနှင့် မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများက တေးသီချင်းများဖြင့် အဖွဲ့လိုက်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး  ကပြဖျော်ဖြေကြသည့် သားငယ်၊ သမီးငယ်လေးများအား ဂုဏ်ပြုလက်ဆောင်များကို အသီးသီးချီးမြှင့်ခဲ့ကြသည်။   

ယင်းနောက် နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှု ကြီးကြပ်ရေးအဖွဲ့ နာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်းတို့က ကပြဖျော်ဖြေကြ သည့် သားငယ်၊ သမီးငယ်လေးများအတွက် ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိ ရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)