နေပြည်တော် နိုဝင်ဘာ ၂၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရီမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ စခန်းသွင်းလေ့ကျင့်နေသော ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အမျိုးသား/အမျိုးသမီး ဘောလီဘော၊ အမျိုးသား ဘတ်စကတ်ဘောနှင့် အမျိုးသား ဘိလိယက်နှင့်စနူကာ အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဖြည့်စွက်အားဖြည့်စာများ၊ ထောက်ပံ့ငွေများနှင့် အားကစား ပစ္စည်းများပေးအပ်သည်။
ထို့နောက် အာကစားနည်းအလိုက် အားကစားသမားများ လေ့ကျင့်နေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ ကွင်းအမှတ် ၁၆၅၉၊ တောင်သူ ဦးအောင်ငွေ၏ မိုးစပါးစိုက်ခင်း၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို တက်ရာက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေကြရာတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်မည်ဆိုပါက လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်နိုင်မှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးတွင် ရည်မှုန်းချက်ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်းလေးရပ်ကို လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ရည်မှန်းချက်ပန်းတိုင်ထွက်ရှိရေးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးထပ်စိုက်စွမ်းအားတိုးတက်ရေးအတွက် သီးထပ်သီးညှပ် တစ်နှစ်သုံးသီးအပြည့် စိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် တောင်သူများက လက်ရှိစိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တဲကြီးကုန်းကျေးရွာ ကွင်းအမှတ် ၁၆၅၉၊ တောင်သူ ဦးအောင်ငွေ၏ နှံကောက်စပါးမျိုး မိုးစပါးစိုက်ခင်းတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း၊ စပါးချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးကြရာ တစ်ဧကလျှင် စပါးအစိုထွက် (၁၄၅) တင်း၊ စပါးအခြောက်ထွက် (၁၃၀) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)