တောင်ကြီး နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေပညာကို သင်ယူလေ့လာခြင်းအားဖြင့် မိမိတို့ရရှိမည့် အခွင့်အရေးများ၊ တာဝန်များ၊ ဆောင်ရန်ရှောင်ရန်အချက်များနှင့် ကျင့်ဝတ်များကိုသိရှိပြီး အသက်မွေးဝမ်းကျောင်းပညာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ လူတိုင်းသည် ဥပဒေပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုမည်မဟုတ်သော်လည်း မိမိတို့ရရှိမည့် အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များကို ကောင်းမွန်စွာနားလည်းသဘောပေါက် သိရှိထားရန်လည်းလိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် တရားဥပဒေကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည် လိုက်နာမှသာ အမှားအယွင်းမရှိဘဲ ဥပဒေနှင့်အညီ အကျိုးရှိပြီး မှန်ကန်ထိရောက်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံနှင့် ပြည်သူအတွက်ပါ အကျိုးရလဒ်ကောင်းများ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတက်ရောက်ကြသည့် ရှမ်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် သင်တန်းမှရရှိလာသည့် ဥပဒေအသိပညာ ဗဟုသုတများကို ကျောင်းသား/ကျောင်းသူများသာမက မိမိနှင့်နီးစပ်ရာ နယ်ပယ်ပတ်ဝန်းကျင်ရှိ ပြည်သူများကိုပါ သိရှိနိုင်အောင် ပြန်လည်မျှဝေပေးနိုင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ကို ရှမ်းပြည်နယ် ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ ဆရာ/ဆရာမ (၇)ဖြင့် ၁၉-၁၁-၂၀၂၄ ရက်နေ့မှ ၂၉-၁၁-၂၀၂၄ ရက်နေ့ အထိ သင်တန်းကာလ (၁၀) ရက်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ/ သင်တန်းသား၊ ဆရာ/ ဆရာမ (၁၀၈) ဦး တက်ရောက်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်