ဇမ္ဗူသီရိ နိုဝင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် တန်ဖိုးထားတတ်စေရေး အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၁၈) ဦး တက်ရောက်ခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာအသိပညာပေး နံရံကပ် စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)