အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ငါးဆူတောင်)တွင် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

လှည်းကူး နိုဝင်ဘာဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ငါးဆူတောင်)တွင်  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ ကအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးအထက်တန်းကျောင်း (ငါးဆူတောင်) ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသံစဥ်မှူးက ပလပ်စတစ်ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ လှူဒါန်းရာ အ.ထ.က (ငါးဆူတောင်)မှကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်က လက်ခံရယူပြီး  ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့နှင့် အ.ထ.က(ငါးဆူတောင်) မှအထက်တန်းပြဆရာမ ဒေါ်မွန်ရည်မိုးမြင့်တို့က ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်၍ အ.ထ.က(ငါးဆူတောင်) မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ ၊ လူငယ်နှင့် ယဥ်ကျေးမှု၊  လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း မိမိတို့ သိရှိလိုသည်များကို  မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက  ပြန်လည်ဖြေကြားခဲ့သည် ။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ  ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)