ကျိုက်မရော နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ် ၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အထက်၊ အလယ်အဆင့် စာစီစာကုံး၊ ကဗျာ ၊ ပန်းချီ ပြိုင်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၁၀ နာရီက. အ.ထ.က ကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က ကျိုက်မရောကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန့်က အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် အကြိုပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲစည်းကမ်းများအား မြန်မာစာဆရာ ဦးစံလှထွန်းက ဖတ်ကြားခဲ့သည်။
ထို့နောက် အထက်တန်းအဆင့် စာစီစာကုံး ကို “အမျိုးသားရေးစိတ်ဓာတ်နှင့် လူငယ်အားမာန်”ခေါင်းစဥ် ဖြင့်ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး၊ အလယ်တန်းအဆင့် ၌”အမျိုးသားအောင်ပွဲမှသည် လွတ်လပ်ရေး ပန်းတိုင်စီသို့”ခေါင်းစဥ်ဖြင့် (၁၁)ဦး၊ ကဗျာပြိုင်ပွဲကို” အမျိုးသားရေးစိတ်ဓာတ်နှင့် လူငယ့်အားမာန်”ခေါင်းစဥ်တို့ဖြင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးနှင့် ပန်းချီပြိုင်ပွဲကို အမျိုးသားရေးစိတ်ဓာတ်နှင့် လူငယ့် အားမာန်ခေါင်းစဥ်တို့ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး စုစုပေါင်းပြိုင်ပွဲဝင် (၅၇)တို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)