သာစည် နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စာဖတ်ရှိန်မြင့်တက်လာစေရန် မြို့နယ်မှစာရေးဆရာများနှင့် ကျောင်းသားလူငယ်များပါဝင်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး (စာရေးဆရာခန့်စစ်အောင်)ကစာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်း အကျိုးကျေးဇူးများနှင့် စာအုပ်စာစောင်များ ဖတ်ရှုလိုပါက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အသင်းဝင်၍ ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားပြီး စာဖတ်ဝိုင်းတွင်ကျောင်းသား/သူများအနေဖြင့် မိမိတို့သိရှိလိုသည်များကို ပါဝင်မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌစာရေးဆရာအောင်ပိုင်က ဆရာဇော်ဂျီ၏ ရှေးခေတ်ပုဂံကဗျာများနှင့် ပတ်သက်၍ ခံစားမှုများ၊ စာရေးဆရာဝေးရင့်သီက ကျွန်တော်ချစ်သောအနုပညာ၊ စာရေးဆရာ ဝေးဖြူနှင့် စာရေးဆရာအလင်းချို(သာစည်)တို့က စာဖတ်ခြင်းနှင့်သုတရသစာပေများကို ဆွေးနွေးပြီးစာဖတ်ကြရန် ပြောကြားသည်။ထို့နောက် ကျောင်းသားလူငယ်များက သိရှိလိုသည်များမေးမြန်း ဆွေးနွေးရာ စာရေးဆရာများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။
ရသလမ်းဆုံ စာဖတ်ဝိုင်းကို တစ်လလျင် တစ်ကြိမ်ပြုလုပ်ပြီး မြို့နယ်မှစာရေးဆရာများက စာပေနှင့်ပတ်သက်၍ ကိုယ်တိုင်ရေးသားထားသည် များနှင့်အခြားသောစာရေးဆရာများ ရေးသားထားသည့် စာပေအကြောင်းအရာများကို မျှဝေခံစားပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် စာပေဝါသနာရှင်များကို စာများများဖတ်ကြရန် တိုက်တွန်းပြောကြားခြင်းနှင့် စာရေးသားနည်းများကို မျှဝေပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)