ကလော နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၁၉)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ရက်ကို မီးရှော်တိုင် ၅ တိုင်ဖြင့် သုံးရက်ကြာ မီးရှော်တိုင် (၁၅) တိုင်ကိုအောင်မြင်စွာ ပစ်လွတ်ထွန်းညှိယှဉ်ပြိုင်ခဲ့ပြီး ယနေ့ ညအချိန်တွင် ဆုချီးမြှင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန် တို့ဦးဆောင် ၍အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲကို ပြိုင်ပွဲဝင်မီးရှော်တိုင်နှင့် မီးကြာစံအဖွဲ့များက ကလောမြို့ ကိုးမြို့ရှင်နတ်နန်း၌ စုရပ်ပြုလုပ်ပြီးကလော-တောင်ကြီးသွားပြည်ထောင်စုလမ်းနှင့် နာရီစင်လမ်းမှ မောမြေဦးပန်းခြံအနီး၊ မီးရှော်တိုင်ကွင်းအတွင်းသို့လှည့်လည်၍ ကွင်းအတွင်းပြိုင်ပွဲဝင် မီးကြာစံအဖွဲ့များဖြစ်သည့် တိုင်းရင်းသားရိုးရာအကအဖွဲ့များက ကလောမြို့မှ ဖိတ်ခေါ်သံ သီချင်းဖြင့်ယှဉ်ပြိုင်ကပြဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင်မီးရှော်တိုင်အဖွဲ့များက ပစ်လွှတ်ထွန်းညှိပူဇော်ယှဉ်ပြိုင်လျက်ရှိရာ နိုဝင်ဘာလ ၁၈ ရက်နေ့ ညတွင် ရပ်ကွက် (၈) ကိုယ်စားပြု ဘုံစု(ခ)ယံကြွား မီးရှော်တိုင်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင် မီးရှော်တိုင်၊ ရပ်ကွက်(၂)ကိုယ်စားပြု ရှမ်းတောင်တန်း မီးရှော်တိုင်၊ ရပ်ကွက် (၉) ကိုယ်စားပြု ရွှေဥမင်နှင့် ရပ်ကွက်(၄)ကိုယ်စားပြု Phoenix မီးရှော်တိုင်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သည့် ဆုရအသင်းများကို နိုဝင်ဘာလ ၁၉ ရက်နေ့ညတွင် ဆုချီးမြှင့်ခြင်းနှင့် နိုင်ငံကျော်တေးသံရှင် အဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)