ကြည့်မြင်တိုင် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ “မရှိ၍မလင်းသူမရှိစေရ” အစီအစဥ်ဖြင့် မျက်စိရောဂါအခမဲ့စမ်းသပ်ကုသခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စမ်းသပ်ကုသပေးရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိရောဂါဝေဒနာရှင်များအား စမ်းသပ်ကုသပေးခြင်း၊ ဆီးချိုရောဂါဝေဒနာရှင်ပြည်သူများအား အမြင်အာရုံခံလွှာကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ စမ်းသပ်ကုသပေးခြင်း၊ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးပေးခြင်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ “မရှိ၍မလင်းသူမရှိစေရ” အစီအစဥ်ဖြင့် မျက်စိရောဂါအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်တံတားခရိုင်နှင့် အလုံခရိုင်အတွင်းရှိ ရပ်ကွက်နေ မျက်စိရောဂါဝေဒနာရှင် ပြည်သူများအား မျက်စိရောဂါနှင့်ပတ်သက်၍ အခမဲ့စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)