ညောင်ဦး နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် တောင်သူများ ပျိုးထောင်ရောင်းချသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာ ထန်းပင်မြစ်ပျိုးထောင်ရောင်းချသူ ဦးစံကြည်ထံကသိရ သည်။
ထန်းပင်မြစ်ပျိုးထောင်ခြင်းကို ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုနှင့် ဝါခေါင်လတို့တွင် ထန်းသီးမှည့်များ ကောက်ယူစုဆောင်းပြီး တူးဖော်ရန်လွယ်သည့် မြေနေရာရွေးချယ်ကာ ထန်းသီးမှည့်များပုံ၍ သဲဖုံးထားရခြင်း ဖြစ်သည်။ ထန်းသီးမှည့် မြေကျင်းထဲ ပျိုးထောင်ချိန်မှ သုံးလကြာလျှင် ထန်းသီးဆန်များမှ ထန်းပင်အညှောက်များ စတင်ထွက်လာပြီး ထန်းပင်မြစ်ပေါက်များ စတင်ဖွံ့ဖြိုးလာကာ သုံးလကျော်ကြာမြင့်ပါက တူးဖော်ရောင်းချနိုင်ကြောင်း သိရသည်။ ထန်းပင်မြစ် ပျိုးထောင်ရောင်းချရာတွင် ငွေကြေးအရင်းအနှီးမလိုဘဲ လုပ်အားအရင်း အနှီးသာလိုအပ်ကြောင်း သိရသည်။ ထန်းပင်မြစ် ပျိုးထောင်ရာတွင် မြေဆီ၊ မြေနှစ်ထည့်စရာမလိုဘဲ တူးဖော်ရ လွယ်ကူစေရန်အတွက်သာ မြေအမျိုးအစားကို ရွေးချယ် ပျိုးထောင်ကြကြောင်း သိရသည်။
ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ် ၁၅ ချောင်းတစ်စည်းလျှင် ငွေကျပ် ၂၀၀၀ ရရှိပြီး ထန်းပင်မြစ်လှိုင်လှိုင်ပေါ်ချိန် ၁ဝ ချောင်းတစ်စည်းလျှင် ငွေကျပ် ၁၅၀၀ ရရှိကြောင်းသိရပြီး ထန်းပင်မြစ်ပေါက်ကို အစိမ်းထောင်း၍ ကြော်စားပါကမွှေးကြိုင်ပြီး ရေနွေးကြမ်းနှင့် အလွန်လိုက်ဖက်ကြောင်း၊ ပြုတ်စား၍ရသလို၊ မီးဖုတ်စားခြင်းမျိုးကိုလည်း ပို၍နှစ်သက်ကြကြောင်း သိရသည်။
ထန်းပင်မြစ်ပျိုးထောင် ရောင်းချခြင်းကို မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ငါ့သရောက်မြို့တို့၌ အများဆုံး လုပ်ကိုင်ရောင်းချကြကြောင်းလည်း သိရသည်။
ဒီပါလင်း