တပ်ကုန်း နိုဝင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ စာသင်ဆောင်တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိလေးက အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက်လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ မောင်အောင်ဖြိုးလင်း၊ (Grade-11)၊ မမြရည်မွန်(Grade-10)၊ မမေဇူးမောင်(Grade-9)၊ မမိုးဟေမာန်(Grade-8)၊ မဆုရတနာတိုး (Grade-7)၊ မရွှေရွှေယမုံအိမ်(Grade-6)တို့က လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူ ငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစားခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေ ကြားပေးခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးတို့က ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်စကားဝိုင်းတွင် ပြောကြားသည့် ခေါင်းစဉ်များကို ပြန်လည်ပြောပြနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက် ဆောင်များပေးအပ်ခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။
တင်စိုးလွင်