မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းပဲမျိုးစုံစိုက်ပျိုးဧက ၆၄၈၅ ဧက သတ်မှတ်လျာထားရာမှ ဆောင်းပဲမျိုးစုံစိုက်ဧက  ၁၁၄၁ ဧက စိုက်ပျိုးပြီး

မိတ္ထီလာ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ဆောင်းပဲမျိုးစုံစိုက်ပျိုး ဧက ၆၄၈၅ ဧက သတ်မှတ်လျာထားရာမှ ဆောင်းပဲမျိုးစုံစိုက်ဧက ၁၁၄၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်  ဆောင်းသီးနှံစိုက်ပျိုးရာတွင် ပဲမျိုးစုံစိုက်ပျိုးဧက ၆၄၈၅ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ် လျာထားစိုက်ဧကများ ပြည့်ပီအောင် ဆောင်းသီးနှံဖြစ်သည့် ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြားနှင့် အခြားပဲများကို အောက်တိုဘာလမှ စတင်၍ စိုက်ပျိုးလျက် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ထောပတ်ပဲစိုက်ပျိုးဧက  ၃၀၄ ဧက၊ ကုလားပဲစိုက်ပျိုးဧက ၃၀၆ ဧက၊ ပဲကြား စိုက်ပျိုးဧက ၄၄၅ ဧကနှင့် အခြားပဲ ၈၆ ဧက စုစုပေါင်း ၁၁၄၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်  ဒေသခံတောင်သူများက  ပဲတီစိမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ ၊ ပဲကြားနှင့် အခြားပဲ စသည့် ပဲမျိုးစုံကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားရေးအတွက် သတ်မှတ်လျာထားစိုက်ဧက ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းတာဝန်ခံများက သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေးနှင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးစသည့် စိုက်ပျိုးရေးလုပ်ငန်းများကို ဒေသခံတောင်များနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)