တံတားဦး နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ မြို့မရဲစခန်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းနှင့် လူကုန်းကူးမှု တားဆီးကာကွယ်ရေးအကြောင်းတို့ကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး တံတားဦးမြို့မ ရဲစခန်းစခန်းမှူး ဒုရဲအုပ်ဟန်ထွန်းအောင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြား အန္တရာယ်နှင့်လူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်နိုင်ရန်အတွက် ရှောင်ရှားနိုင်ရေးအကြောင်းနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းတို့ကို ပရိုဂျက်တာပြသ၍ အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးဟောပြောကြရာ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့မရဲစခန်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည် ဖြေရှင်းပေးသည်။
ထို့နောက် အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တံတားဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြသည်။ အဆိုပါအခမ်းအနားသို တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား(၂၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)