နမ့်စန်(တ) နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ နမ့်စန်မြို့ပေါ်ရှိ အခြေခံပညာကျောင်း (၁၂)ကျောင်းမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က မြို့နယ်ပြန်/ဆက်၊ မြို့နယ်အား/ကာ၊ မြို့နယ်ပညာရေးဌာန၊ လူမှုရေးအသင်းအဖွဲ့နှင့် စာပေဝါသနာရှင်များအသင်း (Book Club) တို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ဆောင်ရွက်မည့် အစီအစဉ်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက ပြိုင်ပွဲအမျိုးအစား၊ ပြိုင်ပွဲခေါင်းစဉ်၊ ပြိုင်ပွဲကျင်းပမည့် အချိန်နှင့် နေ့ရက်၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူဦးရေ၊ ဆုငွေနှင့် ဆုတံဆိပ် စသည်တို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျပန်းပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်၊နမ့်စန်