ပုဗ္ဗသီရိ နိုဝင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် “အမျိုးသားအောင်ပွဲနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးသည် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း စသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာသင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲ အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့နောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် အဆိုပါ ဟောပြောပွဲသို့ ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ၊ဆရာ/ဆရာမများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းရွှေရတီ(ပြန်/ဆက်)