လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲများကျင်းပ

စဉ့်ကိုင် နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌   ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူ  ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန်၊ အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍  ပြိုင်ပွဲများ ကျင်းပပေးရခြင်း‌ဖြစ်ကြောင်း   ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ  အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၃)ဦးတို့က စာစီစာကုံးပြိုင်ပွဲတွင်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၃)ဦးတို့က ပန်းချီပြိုင်ပွဲတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့‌နောက် ကျောင်းသား/သူလေးများက အဆိုပါ ဦးစီးဌာနအတွင်း ပြသထားသော သုတ/ရသစုံလင်သည့်  စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)