ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန် နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ အင်းစိန်မြို့နယ်၊ ဥက္ကဋ္ဌဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က သင်ကြားပို့ချမည့် သင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြများဖြစ်သော မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဥက္ကဋ္ဌ ဦးသက်တင်(မောင်သာတင့်)က သတင်းအခြေခံ သဘောတရားနှင့် သတင်းဆောင်းပါးရေးသားနည်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ အင်းစိန်မြို့နယ်ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က သတင်းသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အင်းစိန်မြို့နယ်၊ အတွင်းရေးမှူး စာရေးဆရာ၊ သတင်းစာဆရာ ဝင်းနွယ်(ပုသိမ်)က သတင်းရေးသားနည်းနှင့် သတင်းရယူနည်း ခေါင်းစဉ်တို့ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများအား နိုဝင်ဘာ(၈)ရက်နေ့မှ နိုဝင်ဘာ(၂၀)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)