ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံသီးနှံများ အသီးအပွင့်ဝေဝေစာစာဖြင့် အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် မိုးသီးနှံအဖြစ် နှမ်း၊ မြေပဲတို့နှင့် တစ်ချိန်တည်း စိုက်ပျိုးခဲ့ကြသည့် ပဲစင်းငုံသီးနှံများ အသီးအပွင့်ဝေဝေစာစာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပြီး၊ သီးနှံခုတ်သိမ်းချိန်နီးပြီဖြစ်၍ ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြကြောင်း သိရသည်။

ပဲစင်းငုံစိုက်ပျိုးရာတွင် မိုးဦးရာသီမှာပင် နှမ်း/မြေပဲသီးနှံများဖြင့် သီးညှပ် စိုက်ပျိုးကြသူများ ရှိသကဲ့သို့၊ ပဲစင်းငုံ တစ်သီးစား စိုက်ပျိုးသည့် တောင်သူများလည်း ရှိကြောင်းသိရပြီး၊ ပဲစင်းငုံသီးနှံသည် မျိုးမှလွဲ၍ ကုန်ကျစရိတ်နည်းပါးပြီး ရာသီဒဏ်ခံသည့် သီနှံမျိုး ဖြစ်သည့်အပြင်၊ နှမ်း၊ မြေပဲသီးနှံများအပြီး တန်ဆောင်မုန်းလပြည့်ကျော် နတ်တော်လ လယ်ခန့်တွင် ခုတ်သိမ်းရသည့် သီးနှံဖြစ်သဖြင့် တောင်သူအများစု စိုက်ပျိုးကြသော်လည်း၊ အချို့တောင်သူများမှာ ပဲစင်းငုံပင်သည် မြေဆီလွှာစုပ်ယူမှု အားကောင်းသဖြင့် မြေဆီလွှာခမ်းခြောက်သည်ဟု အယူရှိကြပြီး ခုတ်သိမ်းပြီးချိန်တွင်လည်း ပဲစင်းငုံ ငုတ်များ နှုတ်သိမ်းရသည့် အလုပ်ပိုသဖြင့် စိုက်ပျိုးကြခြင်း မရှိကြောင်းလည်း သိရသည်။ “ကျွန်တော်ကတော့ ပဲစင်းငုံစိုက်တာ ဒီနှစ်တော့ နည်းသွားတယ်ဗျ…။ နှစ်ဧကခွဲလောက်ပဲ စိုက်ဖြစ်လိုက်တယ်…သူက နှမ်းတို့ မြေပဲတို့နဲ့ တစ်ခါတည်းစိုက်ခဲ့ကြတာဆိုတော့ ကုန်ကျစရိတ်အနေနဲ့ သီးခြားမရှိဘူးဗျ…။ မျိုးဈေးလောက်ပဲ ကုန်ကြတာ… ကြားထဲမှာ ဒီအတိုင်းထားလိုက်တာဘဲ… ပေါင်းထူလာတဲ့အချိန်မှာ ကျွန်တော်ကတော့ ထည်ကြောင်းထိုးပြီး ထည်မှောက်ပလိုက်တာဘဲ…သီးခြားပေါင်းနှုတ် တာလုပ်မနေတော့ဘူး…။ တစ်ချို့ကလည်းပေါင်းနှုတ်ခ ဈေးကြီးတော့ ပေါင်းသတ်ဆေးပက်ကြတာများတယ်ဗျ…။ ခုချိန် အထိ အပွင့်အသီး လှိုင်နေတော့ ဒီနှစ်လည်းရကြမှာပါဗျာ… ဈေးကောင်းရဖို့ပဲ မျှော်လင့်ပါတယ်…” ဟု ရွာလတ်ကျေးရွာမှ တောင်သူ ဦးသိန်းတန်က ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် တစ်မြို့နယ်အလုံးအနေဖြင့် ပဲစင်းငုံသီးနှံ စိုက်ဧက ၈၄၆၆၆ ဧက စိုက်ပျိုးထားရှိကြောင်း သိရပြီး၊ အနည်းငယ် စိုက်ချိန်စောသည့် သီးနှံခင်းအချို့သာ ပွင့်ဦးစတင်ချိန်တွင် မိုးကျွင်းမိုးကျန် ထိမှန်ခံရသဖြင့် အပွင့်ကျွေကာ အနည်းငယ် ထိခိုက်မှု ရှိခဲ့သည်ကလွဲပြီး၊ များသောအားဖြင့် ပဲစင်းငုံစိုက်ခင်းတိုင်း အသီးအပွင့်များ ဝေဝေ စာစာဖြင့် အောင်မြင်ဖြစ်ထွန်းလျှက် ရှိနေကြကြောင်းနှင့် နတ်တော်လဆန်းနှင့် လလယ်ခန့်တို့တွင် ခုတ်သိမ်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)