တောင်ဥက္ကလာပမြို့နယ်တွင်  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT)ဆေးထိုးနှံပေး

 တောင်ဥက္ကလာပ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယမန်နေ့နံနက် (၉:၃၀) နာရီအချိန်ကစ၍ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT)ဆေးထိုးနှံခြင်းအစီအစဥ်များ‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၀)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် အသက်(၅)နှစ်ပြည့်ပြီး အသက်(၇)နှစ်မကျော်သော (KG) ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အ.ထ.က (၁)၊ အ.ထ.က(၂)၊ အ.လ.က(၄)၊ အ.လ.က(၆)၊ အ.လ.က(၇)၊ အ.မ.က (၂၆)၊ YRS ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း HPV (၁၄၅)ဦး၊ DT (၉၀)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိ‌သောအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား (၁၈-၁၁-၂၀၂၄ မှ ၂-၁၂-၂၀၂၄) ထိ ဆက်လက်ထိုးနှံ ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သီတာအေး(ပြန်/ဆက်)