ကလော နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၁၉)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီက ဒုတိယညအဖြစ် ပြိုင်ပွဲဝင် မီးကြာစံအဖွဲ့များက မီးပဒေသာပင်များကို ကလောမြို့တွင်း စည်ကားသိုက်မြိုက်စွာလှည့်လည်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို ပြိုင်ပွဲဝင်မီးရှော်တိုင်နှင့် မီးကြာစံအဖွဲ့များက ကလောမြို့ ကိုးမြို့ရှင်နတ်နန်း၌ စုရပ်ပြုလုပ်ပြီး ကလော-တောင်ကြီးသွား ပြည်ထောင်စုလမ်းနှင့် နာရီစင်လမ်းမှ မောမြေဦးပန်းခြံအနီး၊ မီးရှော်တိုင်ကွင်းအတွင်းသို့ လှည့်လည်၍ ကွင်းအတွင်း ပြိုင်ပွဲဝင်မီးကြာစံအဖွဲ့များဖြစ်သည့် တိုင်းရင်းသားရိုးရာအက အဖွဲ့များက ကလောမြို့မှ ဖိတ်ခေါ်သံ" သီချင်းဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင် မီးရှော်တိုင်အဖွဲ့များက ပစ်လွှတ်ထွန်းညှိပူဇော်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
မီးရှော်တိုင်ပြိုင်ပွဲတွင် ဒုတိယညတွင် ယှဉ်ပြိုင်ခဲ့ရာ ရပ်ကွက်(၁၀)ကိုယ်စားပြု မီးဝိဇ္ဇာ မီးရှော်တိုင်၊ ရပ်ကွက်(၆)ကိုယ်စားပြု မှော်ဝင်မီးရှော်တိုင်၊ ရပ်ကွက်(၁)ကိုယ်စားပြု ရွှေမြန်မာမီးရှော်တိုင်၊ ရပ်ကွက်(၃)ကိုယ်စားပြု ရှမ်းပျော်မီးနှင့် ရပ်ကွက်(၆)ကိုယ်စားပြု သာယာကုန်းမီးရှော်တိုင်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ကလောမြို့ပေါ်ရှိရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင် မီးရှော်တိုင်(၁၅)တိုင်ကို ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ရက်ကို မီးရှော်တိုင် ၅ တိုင်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)