ပြင်ဦးလွင်မြို့နယ် မေမြို့ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး  ဟောပြော‌ဆွေး‌နွေးပွဲကျင်းပ

ပြင်ဦးလွင် နို၀င်ဘာ ၁၉

လူငယ်ကဏ္ဍကို မြှင့်တင်‌‌ဆောင်ရွက်စေရန်နှင့် လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နံနက် ၉ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မေမြို့ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်‌၀င်နီမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာကိုရွှေအောင်သင်းက “ဘ၀မြင့်ဖို့တို့တွေစာဖတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗမာစာပေနှင့်ယဉ်ကျေးမှု အသင်းဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက “ရိုးရာယဉ်ကျေးမှုအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက  မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မေးမြန်းချက်များအား ပြန်လည်‌ဖြေကြား‌ပေးခဲ့‌သော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးက ဆုများချီးမြှင့်ခဲ့ပြီး‌နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် မေမြို့ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာစောင်များ ၊သုတ၊ရသစာစောင်များ ခင်းကျင်းပြသ‌ပေးသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)