ချမ်းမြသာစည် နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာ ဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နံရံကပ် စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၂၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ကျောင်းသား/သူများ အနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမားပပျောက်စေရေးနှင့် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါး ဆိုးကျိုးများ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေရန် အတွက် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များပြသပေးခြင်းနှင့်အတူ သုတ/ရသ စာအုပ် (၂၁၉) အုပ်ကို အခမဲ့ ဌားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း ၁၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့