မြစ်သားမြို့ မြို့ပေါ်(၆)ရပ်ကွက်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟော‌ပြောခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်းများ ဆောင်ရွက်

မြစ်သား နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး  ပြည်သူများ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း သိရှိနားလည်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်စေရန်နှင့် ကျန်းမာခြင်းအကြောင်းများ ပိုမိုသိရှိနားလည်စေရန် ယမန်နေ့နံနက်ပိုင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ  ကြိုတင်ကာကွယ်ရေး မြို့ပေါ်(၆)ရပ်ကွက်တွင် အသိပညာပေးဟော‌ပြောခြင်းနှင့် ကလိုရင်းဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း/အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့် ပြည်သူများကဝိုင်းဝန်းကူညီခဲ့ ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှတာဝန်ရှိသူများက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းလျှောရောဂါဖြစ်ပွားစေတတ်သော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများစားသုံးမိရာမှ တစ်ဆင့်ကူးစက်ခြင်းဖြစ်ကြောင်း၊ ရာသီမရွေးဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင် အဖြစ်များကြောင်း၊ ရောဂါမဖြစ်ပွားစေရေး အစာမစားမီ အစားအစာပြင်ဆင်ချိန် အညစ်အကြေးအမှိုက်များကိုင်တွယ် ပြီးချိန်၊ အိမ်သာမှဆင်းချိန်တို့တွင် လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်၊ ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲကြရန်၊ ရေကိုကျိုချက်သောက်ရန်၊ အစားအစာများကို ကျက်အောင်ချက်ပြီးမှ စားသုံးရန်၊ အစားအစာများကို ယင်မနားအောင် လုံခြုံစွာ ဖုံးအုပ်ထားရန်၊ ခြင်၊ယင်များမပေါက်ပွားစေရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် အသိပညာပေးဟော‌ပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ခံများက ပြည်သူများအသုံးပြုလျက်ရှိသော သောက်သုံးရေတွင်း၊ ရေကန်များအတွင်းသို့  ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကလိုရင်းဆေးခတ်ပေးခြင်းဖြင့် ရောဂါဖြစ်စေသည့်ပိုးမွှားများအား ထိန်းချုပ်စေပြီး သေကျေပျက်စီးကာ သန့်ရှင်းသော ရေမှတစ်ဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခြင်းမှထိရောက်စွာ ကြိုတင်ကာကွယ်တားဆီးနိုင်မည် ဖြစ်ကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)