လွိုင်လင်မြို့နယ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လွိုင်လင် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ ပြိုင်ပွဲဝင်ဘောလုံးအသင်းများကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းစိုးက ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအမှာစကား ပြောကြားပါသည်။ ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ လွိုင်လင်မြို့ အ.ထ.က(၁)နှင့် အ.ထ.က(၂) ကျောင်းများမှ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့များက သရုပ်ဖော်တင်ဆက်ကြကာ အ.ထ.က(၁) လွိုင်လင်နှင့် အ.ထ.က(၂) ပင်လုံအသင်းတို့ ပွဲစဉ်(၁)အဖြစ် ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ လွိုင်လင်မြို့နယ် ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင်  U-18 ဘောလုံးအသင်း(၃)သင်း၊ U-15 ဘောလုံးအသင်း(၇)သင်းနှင့် U-12 ဘောလုံးအသင်း(၈)သင်း၊ စုစုပေါင်းဘောလုံးအသင်း(၁၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး