မိုင်းယန်း နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ "လူငယ်ရေးရာ" အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူများအား မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး ပညာကိုကြိုးစားသင်ယူသင့်ပုံအကြောင်းအရာများနှင့် ကျောင်းစာသင်ယူရုံသာမက အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့် ကောင်းကျိုးများကို အသိပညာပေးရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးတာဝန်ခံ ဆရာမဋ္ဌေးဋ္ဌေးခိုင်းက ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုင်းမောင်ထွေးက လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးဦးက သက်ငယ်မုဒိန်းမှုဆိုင်ရာကျူးလွန်သူများအား ချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ စသည့်အကြောင်းအရာများဖြင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စောင်နှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များကိုပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး