ဗိုလ်တထောင် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ " မရှိ၍ မလင်းသူမရှိစေရ " အစီအစဥ်ဖြင့် ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်မှ မျက်စိဝေဒနာရှင်များအား ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်အတွင်း ရှုခင်းသာလမ်းရှိကုသရေးဦးစီးဌာန ကုတင် (၁၀၀) ဆံ့အထူးကုဆေးရုံ(သာကေတ)၌ ယမန်နေ့နံနက်ပိုင်းမှစ၍ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဗိုလ်သန်းနှင့်အဖွဲ့မှ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုပြုလုပ်သည့်နေရာသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် သာကေတမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ထိုမြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကုတင် ၁၀၀ ဆံ့အထူးကုဆေးရုံ (သာကေတ)ဆေးရုံအုပ်ကြီး ဒေါက်တာ အိနွယ်နီနှင့် ဝန်ထမ်းများ၊ အရှေ့ပိုင်းဆေးရုံ (ဂန္ဒီ)ဆေးရုံအုပ်ကြီး ဒေါက်တာသူရနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ စုစုပေါင်းအင်အား ( ၉၅)ဦး တက်ရောက်ကြပြီး လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်မှ ကုသပေးခဲ့သော မျက်စိဝေဒနာရှင်များမှာ အတွင်းတိမ်ဝေဒနာရှင် (၉၇)ဦး၊ Refraction Patient (၁၇၅)ဦး၊ Other Eye Prblem(၁၃)ဦး စုစုပေါင်း မျက်စိဝေဒနာရှင်(၂၈၅)ဦးအား စမ်းသပ်ကုသပေးခဲ့ကြောင်းနှင့် ထိုဆေးကုသမှု ပြုလုပ်ရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အဖွဲ့ဝင်များလာရောက်၍ မျက်စိဝေဒနာရှင်များအား မျက်စဉ်းဆေးများ၊ မျက်မှန်များ၊ နေ့လယ်စာ ကြက်ဆီထမင်းနှင့် ရေသန့်ဗူးများ ပေးအပ်လှူဒါန်းခဲ့ပြီး မျက်စိဝေဒနာရှင်များကို အားပေးစကားပြောကြားခဲ့သည်။
မျက်စိဝေဒနာရှင်များ ကွင်းဆင်းကုသဆောင်ရွက်ပေးစဉ် ကုသပေးသည့် ဒေါက်တာများ၊ ဝန်ထမ်းများ၊ လာရောက်ကူညီဆောင်ရွက်ပေးကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် မျက်စိဝေဒနာရှင်များ လုံခြုံစိတ်ဖြောင့်စွာ ကုသရန်နှင့် ကုသမှုခံယူနိုင်ကြစေရန် လုံခြုံရေးအား နယ်မြေခံလုံခြုံရေးအဖွဲ့များနှင့် သာကေတနယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်ကိုဦး ဦးစီး၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၀၅)ဦးတို့ဖြင့် လုံခြုံရေးဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် (၁၄၃၀) နာရီအချိန်တွင် ကွင်းဆင်းဆေးကုသမှုအား အောင်မြင်စွာပြီးမြောက်ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း(ပြန်/ဆက်)