မိုင်းဖြတ် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဆိုက်ခေါင်ကျေးရွာ၊ အ.မ.ကကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးမြင့်ဌေးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာများ၊ မီးခိုးမြူငွေကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တောအုပ် ဦးဝင်းအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှုလျော့နည်း စေရေးသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျေးရွာနေပြည်သူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပါကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)